အညာဒေသမှ ကျွဲအက
12.9.12နေ့က
ကြေးမုံသတင်းစာမှာ” မြန်မာ့ရိုးရာ ကျွဲအက ” ဆိုပြီ ဆောင်းပါးတစ်ပုဒ်ကို
ကျွန်တော်ဖတ်လိုက်ရပါတယ်။ အဲ့ဒီဆောင်းပါးကို ဖတ်ပြီးချိန်မှာ
ကျွန်တော်ငယ်ငယ်က အညာဒေသ ချောင်းဦးမြို့ မှာ ကျွဲအက ကပြီး
ဘုရားပွဲအတွက်အလှူခံလှည်ခဲ့ တာကို ပြန်ပြီးသတိရမိတယ်။ ကျွန်တော့်တို့
အညာဒေသ ချောင်းဦးမြို့မှာ နှစ်စဉ်နှစ်တိုင်း ၀ါတွင်းမှစ၌
ဘုရားပွဲကြီးများကို ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက်၊ တစ်လလျှင် အနည်းဆုံး
၂ကြိမ်မှ ၄ကြိမ်အထိ့ အစဉ်ကျင်းပလေ့ ရှိပါတယ်။ သက်ဆိုင်ရာအပိုင်းလိုက်
ဘုရာပွဲတိုင်းမှာ ထူးခြားမှုအမျိုးမျိုးနှင့် ကျင်းပလေ့ရှိပါတယ်။
ဘုရာပွဲမကျင်းပမှီ နှစ်လ၊သုံလလောက်ကနေပြီး ဒေသခံများနှင့် အနယ်နယ်
အရပ်ရပ်မှာရှိနေသည့် ရပ်ဝေးရောက်နေသူများလည်း ဘုရားပွဲအတွက် အလှူအတန်း
တင်သာမက အဝတ်အစားကအဆုံး သူ့ထက်ငါအပြိုင် ကြိုတင်ပြင်ကြပါတယ်။
ထိုမြင်တွေ့နေရသည့် မြင်ကွင်းများက နှစ်စဉ် နှစ်တိုင်းကျင်းပလေ့ရှိသည့်
အညာဒေသဘုရားပွဲတွင် တွေ့ရသည့် ကျွန်တော်တို့ဒေသ၏ မရိုးနိုင်သည့်
ရိုးရာဓလေ့ပင်ဖြစ်သည်။
ကျွန်တော်တို့အိမ်အနီးနားတွင် မြန်မာသက္ကရာဇ် ၄၄၇ခုနှစ်ကတည်းက က ကျန်စစ်မင်း
တည်ထားခဲ့ကိုးကွယ်ခဲ့ သော ထီးလှိုင်ရှင်ဘုရားကြီးတည်ရှိပါသည်။
ထိုဘုရားပွဲနှင့်အတူ ဘုရာ တရား ပင့်သံဃာ၅၀၀ ကျော်တို့အား သံဃာ့ဒါန
ဆွမ်းလောင်းလှုပွဲကြီးကို နှစ်စဉ်နှစ်တိုင်း ဝါခေါင်လပြည်နေ့မှာ
ကျင်းပလေ့ရှိပါတယ်။ ထိုဘုရားပွဲကြီးအတွက် ရှေ့မှီနောက်မှီလူကြီးများနှင့်
ကျွန်တော်တို့လူငယ်လေးများ ပါဝင်သော ကျွဲညီနောင်အဖွဲ့ဆိုပြီး အဖွဲ့တစ်ခု
ဖွဲစည်းထားပါသည်။ ထိုအဖွဲ့ကို လွန်ခဲ့သော နှစ်ပေါင်း ၅၀ကျော် လောက်မှစတင်၍
ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ကျွဲညီနောင်ဆိုသည့်အတိုင်း ရန်အောင်နှင့်
မိုးကောင်းဆိုပြီး ကျွဲများကို နာမည်ပေးထားပါတယ်။ ကျွဲညီနောင်အဖွဲ့က
နှစ်စဉ်နှစ်တိုင်း ဘုရာပွဲဆွမ်းလောင်းပွဲမှာ သံဃာတော်များကို
အုန်း၊ငှက်ပျော လောင်းလှူခြင်း၊ စသည့် အလှူဒါနများပြုလုပ်လေ့ရှိပါသည်။
ဘုရားပွဲတွင် အုန်း၊ငှက်ပျော လောင်းလှူဖို့အတွက် ဘုရားပွဲမကျင်းပမှီ
သုံးလလောက် အလိုကနေ ကျွန်တော်တို့လူငယ်များ ဘုန်းကြီးကျောင်းမှာ
စုပြီးကျွဲက ထွက်ရန်အတွက် ပြင်ဆင်ကြပါတယ်။ (ကျွဲကထွက်သည်ဆိုသည်မှာ ကျွန်တော့်တို့မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများကို ဘုရာပွဲအတွက် အလှူခံထွက်ခြင်းကိုခေါ်ပါသည်။)
ကျွဲအရုပ်အတွက် ပြင်ဆင်စရာ ရှိတာများပြင်ဆင်တဲ့သူကပြင်ဆင်၊ ဆေးသုပ်စရာ
သုပ်သည့်သူက ဆေးသုပ်ဖြင့် အလွန်ပျော်ရွင် စရာကောင်းလှပါသည်။ တစ်ခါတရံ
အရင်နှစ်က ပြုလုပ်ထားသည့် ကျွဲရုပ်များပျက်စီးသွားပြီဆိုလျှင် ကျွဲရုပ်ကို
အသစ်ချိုးရပါသည်။ ကျွဲအရုပ် အသစ်ချိုးမည်ဆိုလျှင် ခေါင်ရုပ် ချိုးရတာ
အခက်အခဲဆုံးပင်ဖြစ်သည်။ ကျွဲကိုယ်လုံးရုပ်ကို ကျွန်တော်တို့လူငယ်များ
အလွယ်အတူလုပ်နိုင်ပေမယ့် ကျွဲခေါင်းကိုတော့ ရှေးက အရင်ကျွဲအဖွဲ့တွင်
လုပ်ဆောင်ဖူးသည့် လူကြီးများကိုယ်တိုင်လုပ်ဆောင်ရပါသည်။
ကျွဲရုပ်ချိုးရာတွင် ဝါး၊ နှီးနှင့် အုန်းဆံကြိုးတို့ကိုသာ အဓိက
အသုံးပြုပြီး၊ မှိုင်းခံစက္ကူ၊့ စက္ကူအကြမ်းများနှင့် ကော်ရည်များကိုလည်း
အရုပ်အချောသတ်ရာတွင် အသုံးပြုပါသည်။ အရင်ဆုံး ၀ါးများဖြင့်
ကျွဲရုပ်ကိုယ်လုံးနှင့် ကျွဲရုပ်ဦးခေါင်းတို့အတွက် ပုံကြမ်းကို
အရင်ဖော်ရပါသည်။ ရလာသော ပုံကြမ်းကို ခိုင်ခန့်စေရန်အတွက်
ဝါခြမ်းများဖြင့်ကွပ်ကာ အုန်းဆံကြိုးဖြင့်ချည်နှောင်ရပါသည်။
ဦးခေါင်းပိုင်းကိုဖြင့် နှီးကို အလျင်းသင့်သလိုသုံးပြီးပုံဖော်ရပါသည်။
ထွက်ပေါ်လာသောပုံကို အချောသတ်ရန်အတွက် မိုင်းခံစက္ကူကို ကော်ရည်များသုတ်ပြီး
ကျွဲကိုယ်ပေါ်သို့ ထိုစက္ကူများ အထပ်ထပ်ကပ်ရပါသည်။ ထို့နောက် စက္ကူအကြမ်းဖြင့်
နောက်ဆုံးအဆင့်ကော်ကပ်ပြီး ဆေးအရောက်ခြယ်ခြင်း၊ ကျွဲအမှီးများတပ်ခြင်း၊
ပိတ်စများဖြင့် ကျွဲ ဒူးဖုံးများတပ်ခြင်း၊ ကျွဲကိုယ်နှင့်ကျွဲခေါင်း
တစ်စပ်တည်း ဖြစ်စေရန်အတွက် လည်ပင်များ တပ်ဆင်ခြင်း၊
ကျွဲနာမည်များရေးထိုးခြင်း စသည့် အလှဆင်ခြင်းများပြုလုပ်ရပါသည်။
လိုအပ်သည်များ
အားလုံးပြင်ဆင်ပြီးသောအခါ ပထမဦးဆုံး ထီးလှိုင်ရှင်ဘုရားကြီးကို
ကန်တော့ပြီး၊ အဘရဟန်းကြီးနန်းကိုသွားပြီး အဘရဟန်းကြီးကိုလည်း
ကန်တော့ပြီးမှသာ အလှူခံထွက်ဖို့ပြင်ဆင်လေ့ရှိပါသည်။ အလှူခံထွက်ရာတွင်
အနီးနားကျေးရွာများနှင့် ချောင်းဦးမြို့ထဲသို့
သာသွားရောက်အလှူခံထွက်ပါသည်။
ကျွဲကရာတွင်
ကျွဲတစ်ကောင်ကို လူနှစ်ယောက်ဝင်ပြီးကရပါသည်။ ကျွဲခြေ ထောက်ဖြင့်တူစေရန်
ဘောင်းဘီရှည်အမဲများကို ဝတ်ဆင်၍ ကကြပါသည်။ ကျွဲကရာတွင် ရှေ့မှ
ဦးခေါင်းထိန်း သည့်သူသည် အခတ်အခဲဆုံးနှင့် အပင်ပန်းဆုံးဖြစ်ပါသည်။
ဆိုင်းဝိုင်းစည်းချက်နှင့်အညီ ဦးခေါင်းကို လိုသလိုဘယ်ညာရမ်းကာ၊
ခြေထောက်ကလည်း စည်းချက်၊ဟန်ချက်ညီအောင် ရှေ့လူက ဦးဆောင်ပြီး ကရပါသည်။
နောက်လူက ရှေ့လူ၏ခြေ အချိုး၊ အကပေါ်မူတည်ပြီး လိုသလို ကရပါသည်။
အရေးကြီးဆုံးက ဦးခေါင်းထိန်းရသည့်သူနှင့် နောက်လူ ပေးအယူမျှယုံသာမက
ဆိုင်းဝိုင်းနှင့် နောက်ခံအဆိုရှင်တို့နှင့်လည်း အတွဲညီမှသာ အကအလှသည်
ပိုပြီးအသက်ဝင်ပါသည်။ နောင်ခံအဆိုရှင်သည်လည်း ကျွဲအကအတွက် ပိုပြီး
အသက်ဝင်အောင်သီဆိုပေးရပါသည်။ သီဆိုရာတွင် အဆိုတော်က
အညာဒေသခံများကြိုက်နှစ်သက်သော အဆိုတော်ဟင်္သတထွန်းရင် သီချင်းများ၊ သင်္ကြန်
သီချင်များနှင့် မြူးမြူး၊ ကြွကြွ သီချင်းများကို တီးမှုတ် သီဆိုပြီး
ကပါသည်။ အလှူခံမည့်နေရာကိုရောက်သည့်နေရာတိုင်း ကျွဲများကိုယ်တိုင်
ရတနာသုံးပါကို ကန်တော့ခန်းဖြင့် စတင်ပြီးမှသာလျှင် သီဆိုဖျော်ဖြေပြီး
ကျွဲအ ကလေ့ရှိပါသည်။ သီချင်းအစပိုင်းတွင် သီချင်း၏ စည်းချက်ဝါးချက်
အတိုင်းကကြပြီး၊ သီချင်းတစ်ပုဒ် ပြီးခါနီး (အဆုံးပိုင်းဆိုရင်)
ဆိုင်းဝိုင်းမှ ဘိန်းမောင်း တီးပြီး(တေးသွားတစ်ခုကို သံစဉ်တစ်မျိုးဖြင့်
မြိုင်မြိုင်ဆိုင်ဆိုင်တီးခြင်း) ကျွဲနှစ်ကောင် မြုးဟန်၊ခတ်ဟန်ဖြင့်
အဆုံးသတ်ကြရပါသည်။ ဘိန်းမောင်းတီးပြီး အဆုံးသတ်တာကတော့ သီချင်းတစ်ပုဒ်
ပြီးတိုင်း အမြဲတမ်း မပါမဖြစ် လုပ်ကြပါသည်။
ဘုရာပွဲနေ့တွင်လည်း ဘုရာဖူးသူများနှင့် ဆွမ်းလောင်းလှူမည့်သူများကို ကျွဲအက
အလှဖြင့်လည်း ဖျော်ဖြေကြပါသည်။ ကျွဲကရာတွင် ထူးခြားချက်သည်
ဘုရာပွဲနေ့တွင်ခါတိုင်း အလှူခံထွက်သည့်နေ့များနှင့်မတူပဲ ကျွဲနှစ်ကောင်သာမက
Performance အဖြစ် ကျွဲကျောင်းသားနှစ်ယောက်နှင့် အတူ ကျွဲကျောင်းသား
ကတော်တို့ ပါဝင်ကပြ ကြပါသည်။ ကျွဲကျောင်းသားနှင့်ကျွဲကျောင်းသား ကတော်
တိုကို လူငယ်လေးများက သရုပ်ဆောင်ကြပါသည်။ နှုတ်ခမ်းမွှေးအတုနှင့်
ကျွဲကျောင်းသားကလည်း တစ်ကယ့် ကျွဲကျောင်းသားနှင့်တူအောင် ဝတ်ဆင်ကာ၊
ကျွဲကျောင်းသားကတော်ကလည်း အပြိုင်အဆိုင် ဝတ်ဆင်ကြပါသည်။ ကျွဲကျောင်းသား
နှစ်ယောက်သည် ကျွဲနှစ်ကောင်ကို စာကျက်မှာ ကျောင်းနေစဉ် ကျွဲကျောင်းသား
ကတော်နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင် အလှပြိုင်ရာမှ
ရန်ဖြစ်စကားများပြီး မိမိတို့ လင်ယောင်္ကျားကို ရန်ပွဲအတွင်းသို့ဆွဲခေါ်ကာ
ရန်ဖြစ်နေပုံများနှင့် ကျွဲနှစ်ကောင်မှာလည်း မိမိသခင်များနှင့်အပြိုင်
တစ်ကောင်နှင့်တစ်ကောင် သူနိုင်ကိုယ်နိုင် အပြိုင်ခတ်နေပုံ၊ ကပြနေပုံများကို
ဟာသနှောကာ ကပြနေသည်မှာ အလွန် ကြည့်လို့ကောင်းပါသည်။
ဘုရာပွဲဆွမ်းလောင်းလှူပွဲတွင်လည်း ကျွဲညီနောင်အဖွဲ့မှ လူကြီး၊ လူငယ်များသည်
အလှူခံမှ ရရှိ့လာသည့် ငွေကြေးများဖြင့် အုန်း၊ငှက်ပျောတို့ကို ဝယ်ယူကာ
လောင်းလှူကြပါသည်။ ဘုရားပွဲလာရောက်သူများကို နှစ်စဉ်နှစ်တိုင်း
ကျွဲအကဖြင့်ဖျော်ဖြေခြင်းနှင့် ဘုရာပွဲဆွမ်းလောင်တွင်
အုန်း၊ငှက်ပျောများဖြင့် လောင်းလှူ ကုသိုလ်ယူခြင်းသည် ကျွန်တော်တို့ ဒေသ၏
မရိုးနိုင်သည့် အလှသာဖြစ်ပေသည်။